ပူတာအို ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းမှုဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ (၇) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုစိတ်ဓါတ်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောပြီး ခရိုင်ဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အ.ထ.က(ပူတာအို)ကျောင်း Grade-5 ကျောင်းသားကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၅) ဦးတို့က ပြည်ထောင်စုနေ့ကဗျာများကိုလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသူကျောင်းသား(၅)ဦးတို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့်ပုံပြင်များကို လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူကျောင်းသား (၁၁) ဦးတို့က ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ (၂၀) ၊ အမှတ်(၃)၊ စာမျက်နှာ(၂)တွင်ပါရှိသည့် အယ်ဒီတာ့အာဘော်“အစဉ်စောင့်ထိန်းကြရမည့် တိုင်းရင်းသားစည်း လုံးညီညွတ်ရေး” ခေါင်းစဉ်ဖြင့်အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ကျောင်း သားကျောင်းသူများအား ခရိုင်ဦးစီးမှူးနှင့်ကျောင်းဆရာမများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲသို့တက်ရောက်လာသည့် ဆရာ/မများနှင့်ကျောင်းသားကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှထုတ်ဝေသည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းဆရာ/မများနှင့် ကျောင်းသားကျောင်းသူများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအနေဖြင့် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့်နံရံ ကပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)