မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၇
ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၆)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှူးဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက လူငယ်နှင့်စာပေ၊ လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်စာရိတ္တ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခြင်းဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ် အားကစားမှူး ဦးအောင်နိုင်ဦးက အ.ထ.က(၆)ကျောင်းအတွက် လိုအပ်သော အားကစားပစ္စည်းများကို လှူဒါန်းရာ အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)