လယ်ဝေး ဖေဖော်ဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက်တန်ဖိုးရှိသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များအဖြစ် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ မိမိတို့၏ ဉာဏ်ပညာဖြင့်အမှား၊ အမှန်ကိုခွဲခြားနိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် မိမိအမျိုးဘာသာ သာသနာကို တန်ဖိုးထားမြတ်နိုးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အ.ထ.က(ကံသာ)၊ Grade 8(A ) မှ မဇင်ဇင်ထက် က လူငယ်နှင့်ရည်မှန်းချက်၊ Grade 8(A) မှ မသဥ္ဇာမှူးဝေက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade 8 (A) မှ မောင်သီဟစည်သူက လူငယ်နှင့်စာပေ၊ Grade 10(A) မှ မသိမ့်ထက်ထက်စံ က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။ ထိုနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)