မိုးညှင်းမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် (ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန်းမားကြီးကျေးရွာတွင် စိုက်ပျိုးရေး လုပ်ငန်းချေးငွေဖြင့် (ဆီထွက်သီးနှံ)နေကြာစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ဖေဖော်ဝါရီ (၇) ရက် နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Type (1) အမျိုးအစားဖြင့် ငွေကျပ်သန်း (၃၀)ကို မြိုင်သာယာကျေးရွာ၊ မိုင်းနောင်ကျေးရွာ၊ (၅)မိုင်ကျေးရွာနှင့် (၇)မိုင်ကျေးရွာတို့တွင်လည်းကောင်း၊ Type(2)အမျိုးအစားဖြင့် ငွေကျပ်သန်း (၂၀) ကိုမော်ဟဲကျေးရွာ၊ မြင်သာကျေးရွာ၊ ကျွန်းပင်သာကျေးရွာနှင့် နန်းမားကြီးကျေးရွာတို့တွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများ၏ လိုအပ်ချက်များကို တာဝန်ရှိသူများက ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နန်းမားကြီးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးအား ငွေကျပ်(၂၁) ဒဿမ  (၁) သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးအား ငွေကျပ် (၁) ဒဿမ (၅) သန်း စုစုပေါင်း (၃၅)ဦးအား ငွေကျပ် (၂၂) ဒဿမ (၆)သန်း ထုတ်ချေးပေးထားပါကြောင်းနှင့် အတိုး တစ်ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် အတိုးကောက်ခံလျက်ရှိပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း ထံမှ သိရသည်။

ရွှေမိုးညှင်း