မန္တလေး စက်တင်ဘာလ ၂၈
အိန္ဒိယမှ ဝယ်လိုများတဲ့အတွက် မတ်ပဲ ဈေးနှုန်း အနည်းငယ် မြင့်တက်နေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
"အိန္ဒိယလိုင်းကတော့ မတ်ပဲကို ပါမစ်လေးတိုးပေးတယ်။ လိုင်စင်လည်း ချပေးတဲ့အတွက် မတ်ပဲဈေးက တက်ပါတယ်။ လက်ကျန်နဲ့ သူတို့ဝယ်ထားတဲ့ တန်ချိန်နဲ့ မလောက်ဘူး။ အဲဒါ ကြောင့် ဈေးတွေ အနည်းငယ်မြင့်တက်လာတာပါ။
မတ်ပဲက မြန်မာပြည်မှာ တစ်ကြိမ်ပေါ်ဘဲ ရှိတာလေ။ အခု စပါးပေါ်ပြီး မတ်ပဲစိုက်တာလေ။ မတ်ပဲက ဈေးကွက်ကောင်းနေတဲ့အခါကျ မတ်ပဲက အစိုက်များမယ့် သဘောရှိပါတယ်။ " ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
မတ်ပဲက အများအားဖြင့် ဒီဇင်ဘာလဝန်းကျင်တွင် အသစ်ပေါ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီးစသော နေရာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စက်တင်ဘာလ ၁ရက်နေ့တွင် မတ်ပဲ ၆၀ ပိဿာလျှင် ၈၄၀၀၀ကျပ်မှ ၉၇၀၀၀ကျပ်ရှိရာမှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မတ်ပဲ ၆၀ ပိဿာလျှင် ၁၀၀၀၀၀ကျပ်မှ ၁၁၀၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
ထိပ်ထားနိုင်