(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံးရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း အမှတ်() အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းစုယဉ်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ ခိုင်မင်း(နေပြည်တော်)က ကျောင်းသား၊ ကျောင်းသူလေးများအား နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေး၊ ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းခေါင်းဆောင်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြသည့်အကြောင်းများ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးမှ မိမိတို့ပြည်ထောင်စုကြီးကို ထိန်းသိမ်းသင့်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပေးဝေခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)