ပဲဇီးကွက်၊ ပဲနီပြားနှင့် ထောပတ်ပဲ အရောင်းအဝယ်သွက်ကာ ဈေးအနည်းငယ်မြင့်တက်လာ

မန္တလေး စက်တင်ဘာ ၂၈

ပဲဇီးကွက်၊ ပဲနီပြားနှင့် ထောပတ်ပဲသည် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့် အရောင်းအဝယ်သွက်ကာ ဈေးအနည်းငယ် မြင့်တက်လာ ကြောင်း သိရသည်။

"လက်ရှိ ပဲဇီးကွက် အခြေနေကတော့ တောင်ပေါ်ကလည်း နည်းနည်းဝယ်ချင်တယ်။ မြို့ပေါ် ဝယ်လက်တွေကလည်း နည်းနည်းဝယ်လာတဲ့အတွက် ဈေး အနည်းငယ်မြင့်တက်နေတယ်။ ထောပတ်ပဲ၊ ပဲနီပြား ပြည်တွင်းသုံးပဲလေးတွေလည်း ဈေးအနည်းငယ်တက်ပါတယ်။ အိမ်သုံးအတွက် ဝယ်တာလေးတွေ ရှိပါတယ်။ ကုန်စည်ဒိုင်ကလည်း ပိတ်ထားတဲ့အခါကျတော့ နယ်တွေ ကလည်း အဝင်နည်းသွားတော့ လက်ကျန်တွေဘဲ ရောင်းကြတော့ အဲပဲလေးတွေက အနည်း ငယ်ဈေးတက်တယ်လို့ ပြောလို့ရတယ်။" မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ပဲနီပြား (သစ်) ၅၅ ပိသာလျှင် ၅၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ် ဝန်းကျင်၊ ပဲထောပတ် ၅၆.၂၅ ပိဿာလျှင် ၅၀၀၀၀ ကျပ်မှ ၅၃၅၀၀ ကျပ်ဝန်းကျင်၊ ပဲဇီးကွက် (သစ်) ၅၈.၂၅ပိဿာလျှင် ၅၆၀၀၀ကျပ် ဝန်းကျင်ရှိရာမှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပဲနီပြား (သစ်) ၅၅ ပိဿာလျှင် ၅၈၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်ဝန်းကျင်၊ ပဲထောပတ် ၅၆.၂၅ ပိဿာလျှင် ၅၁၀၀၀ကျပ်မှ ၅၇၀၀၀ကျပ်ဝန်းကျင်၊ ပဲဇီးကွက် (သစ်) ၅၈.၂၅ပိဿာလျှင် ၅၇၀၀၀ ကျပ် ဝန်းကျင်ထိ ဈေးအနည်းငယ် မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

ထိပ်ထားနိုင်