မိုင်းခတ်မြို့နယ်တွင် သီးပွင့်ဆဲ ဘိန်းခင်းများ သွား​​ရောက်ဖျက်ဆီး

မိုင်းခတ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအ‌ရှေ့တောင်ဘက် ၃ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းခင်း (၄)ဧကအား ယမန်နေ့နံနက်က မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွား​ရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးထွန်းဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်ဦးနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးအောင်ပိုင်ဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်လွှမ်းမြင့်သူ၊ မူးယစ်လှုပ်ရှားတပ်ဖွဲ့မှ ရဲအုပ်ကျော်မိုးနိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဟန်ကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအနီးရှိ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း (၄) ဧကတို့ကို ဖျက်ဆီးခဲ့သည်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ အခြားစီးပွားဖြစ်သီးနှံများ စိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ မိုင်းခတ်မြို့နယ်အတွင်း ယနေ့အထိ ဘိန်းခင်းစုစုပေါင်း(၁၆)ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)