ကျိုက်ထို ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (BookClub) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း (ကျိုက်ပိ )၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြား ပေးသည့် ပညာရပ်များအပြင် စာအုပ်၊ စာပေလေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး၊ မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလက(ကျိုက်ပိ)မှ မယွန်းအိနန္ဒာကျော်၊ မစုစုလင်း၊ မောင်ရှိန်းလင်းထက်တို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အသိစိတ်၊ လူငယ်နှင့်အရက်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အလက (ကျိုက်ပိ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများ အသင်းဝင်များ၊ အ.လ.က (ကျိုက်ပိ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်