မိုင်းယန်း၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများ လျော့နည်းကျဆင်းစေရေးနှင့် ပြည်သူ များ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေးတို့အတွက် ညစဉ် ကင်းလှည့်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယန်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးညွှန့် ဦးစီး၍အရာရှိနှင့် အခြားအဆင့် (၄+၁၁) ဦးဖြင့်ညစဉ် ကင်းလှည့်ခြင်းကိုညဉ့်ဦးပိုင်းနှင့် ညဉ့်နက်ပိုင်း ၂ပိုင်းခွဲ၍ ဆောင်ရွက်ခြင်း၊ ဝပ်ကင်းများကို မြို့နယ်အတွင်း ညစဉ် နေရာပြောင်း၍ ချထားခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းမိုင်းယန်းမြို့နယ်မြို့မရဲစခန်းမှသိရသည်။
၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလ အတွင်း ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်များ အလိုက် မြန်မာနိုင်ငံရဲတပ် ဖွဲ့မှတပ်ဖွဲ့အင်အားတိုးမြှင့်၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်၍ ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး တို့ကို ဆောင်ရွက် လျက်ရှိရာ မိုင်းယန်း မြို့မရဲစခန်း အပိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်အမှုများနှင့် ဒုစရိုက်မှုများ လျော့နည်း ကျဆင်းစေရေးအတွက် မိုင်းယန်းမြို့မ ရဲစခန်းမှ ညစဉ် လှည့်ကင်း များကို နှစ်ဖွဲ့ခွဲ၍ မိုင်းယန်း မြို့ နယ်မြေဧရိယာတစ်ခုလုံး ခြုံငုံ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)