မိုင်းခုတ် ဖေဖော်ဝါရီ ၇
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများထံ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဉီးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းမှ အေးအတူပူအမျှ ခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်ဖြင့် အသိပညာပေး အကြောင်းအရာများ၊ ၁၂-၂-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည့် ဖိုလေးလုံး သောင်းကိုကိုရေးသားသည့် စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ ခေါင်းစဉ်ဖြင့် ကဗျာနှင့်ကာတွန်းများ စသည်ဖြင့် ကဏ္ဍစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
ယင်းလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စောင်ရေ (၂၀၀၀၀၀) အခမဲ့ ထုတ်ဝေခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးက စောင်ရေ (၂၆၃) စောင် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)