အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မုဒုံ ဖေဖော်ဝါရီ ၇

စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့နယ် အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ကြောင်း သိရသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွား စေရေးအတွက်ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် ယာဉ်အန္တရယ်၊ လမ်းအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြ​ကြောင်း သိရသည်။

မုဒုံသူ