သန်လျင် စက်တင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရိုင်ရုံးစိုက်ရာ သန်လျင်မြို့ အပါအဝင် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီး၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာများရှိနေခြင်း၊ သေဆုံးမှုများရှိနေခြင်း ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အရှိန်မြှင့်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Stay at Home ကာလအတွင်း သတ်မှတ်ညွှန်ကြားချက်များ တိတိကျကျလိုက်နာစေရေး၊ မလိုအပ်ဘဲ နေအိမ် ပြင်ပသို့ ထွက်ခွာခြင်းမရှိစေရေး၊ မဖြစ်မနေထွက်ခွာရပါကလည်း နှာခေါင်းစည်း(Mask)များ တပ်ဆင် သွားလာရေး၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီးတွင် အဝင်အထွက် ကန့်သတ် ဆောင်ရွက်လျက်ရှိပြီး ကြီးကြပ်ရေးဂိတ်များ၌ လက်သန့်ဆေးရည်များထားရှိခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ ပြင်ပထွက်ခွာခွင့် စိစစ်ကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မြို့နယ်အသီးသီးတွင် Stay at Home ကာလ၌ ပြည်သူများ ပူးပေါင်းမှုဖြင့် သွားလာမှုနည်းပါးသော လမ်းမကြီးများ၊ ဈေးများတွင် ရှင်းလင်းလျက်ရှိသည်ကို ယမန်နေ့ နံနက်တွင် တွေ့ရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများဖြင့် စနစ်တကျဖွဲ့စည်းထားရှိပြီး မြို့နယ်အသီးသီး၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါပျံ့နှံ့မှုမရှိစေရေးအတွက် အဖွဲ့များခွဲကာ အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ သန်လျင်ပြည်သူ့ဆေးရုံတွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၅၀)ဦး၊ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်စောင်ကြည့်သူ (၁၉၁)ဦးထားရှိပြီး သေဆုံးသူ(၂)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရ၍ ရောဂါထိန်းချုပ်နိုင်ရေး အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)