ဟိုပန် ဖေဖော်ဝါရီ ၆
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက(ဟိုပန်)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နန်းရွှေရင်က ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားသည်။
ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "(၇၆)နှစ်မြောက် ပြည်ထောင်စုငြိမ်းအေးမှ တိုင်းပြည်ပညာရေးတစ်ပြေးညီ ဖွံ့ဖြိုးမည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "သွေးချင်းတို့မြေ ညီညွတ်စေ"၊ "ပြည်ထောင်စုပွဲ တို့ဆင်နွဲ"၊ "ပြည်ထောင်စုနေ့ တို့မမေ့" စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား/သူများက ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် "(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်"နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် အထက(ဟိုပန်)ကျောင်းမှ (၇)ဦးနှင့် အထက(ခွဲ)ရွှေဝါကျောင်းမှ (၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)