ညောင်ဦး ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့်သစ်ထောင့်အုပ်စုရှိကျေးရွာများတွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်းကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူးရောင်းချချိန်ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ဖို့သာမျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာစပျစ်သီးနှံ တစ်ဧကခွဲစိုက်ပျိုးသည့် ဦးအေးကိုထံကသိရသည်။
စပျစ်သီးနှံသည် မြန်မာမျိုးရင်းစပျစ်မရှိဘဲ ပြည်ပနိုင်ငံမျိုးရင်းများသာရှိပြီး စပျစ်မျိုးပေါင်း (၄၀) ကျော်ရှိကြောင်းနှင့် ရေရှိသည့် ဒေသတိုင်းစပျစ်သီးနှံစိုက်ပျိုး၍ရကြောင်းသိရပြီး စမ်းသပ်စိုက်ပျိုးသည့် ဒေသများတွင် ရာသီဥတုအဒဏ်ခံနိုင်သည့် အကြမ်းခံစပျစ်မျိုးများကိုသာ ဦးစားပေးစိုက်ပျိုးဖို့ မျိုးရွေးချယ်ပေးကြောင်း စပျစ်စိုက်ပျိုးမှုကျွမ်းကျင်လာလျှင် ဈေးနှုန်းကောင်းမွန်သည့် မျိုးများစိုက် ပျိုးနိုင်ရန် စိုက်ပျိုး ရေးနည်းများ မျှဝေပေကြောင်း မြန်မာနိုင်ငံအနှံ့အပြား စပျစ်စိုက်ပျိုးနည်း လက်တွေ့ စိုက်ပျိုးနည်းမျှဝေပေးနေသည့် ရမည်းသင်းမြို့မှကိုမင်းဆက်ပိုင်ကရှင်းပြသည်။
ကျွန်တော်စပျစ်သီးနှံစတင်စိုက်ပျိုးရန်အတွက် စတင်စိုက်ပျိုးရန် ရမည်းသင်းမှစပျစ်စိုက်ပျိုးရေး လိုက်လံမျှဝေပေးနေသည့် ကိုမင်းဆက်ပိုင်နှင့်စတင်ဆက်သွယ်ကာ အီတလီ နံပါတ်(၃)စပျစ်မျိုးအား ပြာသိုလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း တစ်ပင်လျှင်ငါးရာကျပ်ပေးဝယ်ရကာ စိုက်ခင်းအရောက် ခုနှစ်ရာကျပ်ရှိခဲ့ကာ စတင်စိုက်ပျိုးခဲ့ကြောင်း စိုက်ခင်းပိုင်ရှင်ဦးလှငွေကပြေကြားသည်။ ပျိုးပင်များ အားတစ်ပင်နှင့်တစ်ပင်ခြောက်ပေအကွာ ကျင်းတူးစိုက်ပျိုးကြကြောင်း စတင်စိုက်ပျိုးသည့်လမှ ဆယ်လအကြာတွင် စတင်အသီးသီးကြောင်းသိရပြီး ပထမဆုံးသီးသည့်အချိန်တွင် စပျစ်ပင်တစ်ပင် မှစပျစ်သီး ငါးပိသာခန့်သီးကြောင်း၊ သုံးနှစ်သားမှ ငါးနှစ်သားစပျစ်ပင်တစ်ပင်လျှင် စပျစ်သီးဆယ့်ငါး ပိသာမှ ပိသာနှစ်ဆယ်ထိသီးကြောင်း စမ်းသပ်စိုက်ပျိုးသည့်စပျစ်ခင်းပိုင်ရှင်များ အသီးသီးအားကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းကောင်းရန်သာမျှော်လင့်နေကြကြောင်းသိရသည်။
စပျစ်သီးနှံပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ်နှစ်ဆယ်မှ နှစ်သုံးဆယ်ထိ သက်တမ်းကြာရှည်ပြီး တစ်သီးသီးပြီးတိုင်း စပျစ်ကိုင်းစပျစ်နွယ်များဖြတ်ပြီးရောင်းချရကြောင်း၊ လေးလတစ်ကြိမ်အသီး ဆွတ်ခူးရကာ အသီးသီးစတင်ရင့်ချိန် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင်စတင်ဆွတ်ခူးရောင်း ချမည်ဖြစ်ကြောင်းသိရကာ စမ်းသပ်စိုက်ပျိုးမည့် စပျစ်စိုက်ပျိုးတောင်သူ (၁၀)ဦးခန့်စိုက်ပျိုးနေပြီး ဖြစ် ကြောင်းသိရကာ စပျစ်သီးဈေးနှုန်းတစ်နေရာနှင့်တစ်နေရာ၊ တစ်မြို့နှင့်တစ်မြို့ စပျစ်သီးမျိုးအ လိုက်လည်းဈေးနှုန်းကွာခြားကြောင်း လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့်သစ်တောင်ကျေးရွာအုပ် စုကျေးရွာများတွင် BlackQueen(BQ)စပျစ်မျိုးနှင့် အီတလီနံပါတ်(၃)မျိုးနှစ်မျိုးစတင်စိုက်ပျိုးကြကာ စတင်စမ်းသပ်စိုက်ပျိုးသည့်နှစ်မှာပင် အသီးသီးနှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းနေခြင်းကြောင့် ဈေးကွက်ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်းသိရသည်။
ဒီပါလင်း