မဘိမ်းမြို့နယ်ရဲတပ်ဖွဲ့၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

မဘိမ်း ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရဲတပ်ဖွဲ့၌  ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့မရဲစခန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ချိုးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မဘိမ်းမြို့၊ ကုန်းခါးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး မဘိမ်းမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်နှင့် တပ်ဖွဲ့ဝင်များမှ လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာ ရွတ်ဖတ်ပူဇော်ခြင်း၊ နတ်ဗြဟ္မာများ ပင့်ဖိတ်ကြားခြင်း၊ ပဋ္ဌာန်းအမွှန်းဂါထာရွတ်ဖတ်ပူဇော်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသသုံးကြိမ် ရွတ်ဖတ်ပူဇော်ပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်နေ့အထိ(၃)ရက်တိုင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)