တိုက်ကြီး စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဩဂုတ်လကုန်အထိ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ၊ တိုင်းဒေသကြီးထောက်ပံ့ငွေ၊ ယူနီဆက် ထောက်ပံ့ငွေ၊ ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် သောက်ရေသန့်ရရှိအောင် စီမံချက်ဖြင့် တွင်းတိမ်ရေတွင်းပေါင်း (၂၅)တွင်း၊ တွင်းနက် (၁)တွင်း၊ သောက်ရေကန်(၁)ခု တူးဖော်ခြင်း၊ ကျေးရွာဂဝံလမ်းခင်းခြင်း၊ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းတို့ကို ရာခိုင်နှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်(CERP)ဖြင့် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၂၀)ရွာ၊ VRFP စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာ တို့ကိုလည်း ဂဝံလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်ကျိုးခင်းခြင်း၊ သဲကြပ်ခြင်း၊ ကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်တို့ကို ရာခိုင်နှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် အလုပ်အကိုင်များ အဆင်ပြေစေခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်မျိုး၏ ပြောပြချက်အရ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)