ကျိုင်းတုံ၌ လမ်းဘေးညောင်ပင် ကျိုးကျ၍ ထိခိုက်သေဆုံးသူ အတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သုံးသိန်းထောက်ပံ့

 

ကျိုင်းတုံ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် လမ်းဘေးညောင်ပင်မှ သစ်ကိုင်းခြောက် ကျိုးကျထိမိသေဆုံးသွားသူအတွက်  အထောက် အပံ့ဖြစ်စေရန် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက  ငွေကျပ်သုံးသိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံး၌ ခရိုင်ဦးစီးမှူးဒေါ်ဖြူသွဲ့သွဲ့အောင်မှ ထောက်ပံငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါသေဆုံးသူ မစိုးညယ်သည် နောင်ကုန်ကျေးရွာအုပ်စု၊ အားခေစိုက်ပျိုးရေး ကျေးရွာ တွင် နေထိုင်သူတစ်ဉီးဖြစ်ပြီး နောင်ကုန်ကျေးရွာအုပ်စု၊ ဟိုခိုရွာအနီး ကျိုင်းတုံ-လွယ်မွေ လမ်း၌ စက်တင်ဘာ ၂၅ ရက် ည ၈ နာရီအချိန်ခန့်က ဆိုင်ကယ်မောင်းနှင်လာစဉ် အမြင့်၁၅ ပေရှိ ညောင်ပင်မှ လမ်းမပေါ်သို့ထွက်နေသည့် အရှည် ၁၇ပေ လုံးပတ် ပေခန့်ရှိသည့် သစ်ကိုင်းခြောက်မှာ ဆွေးမြေ့ပြုတ်ကျကာ အဆိုပါအမျိုးသမီးကိုထိမှန်ပြီး ထိခိုက်ဒဏ်ရာ များရရှိ၍  ဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)