(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သထုံ ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်က သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့်စာဖတ်ရှိန်မြင့်မားရေးတို့ကို အသိပညာပေးဆွေးနွေးပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းရှိန်က လူငယ်များကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ ကျောင်းသားကျောင်းသူများ သိထားသင့်သည့် အားကစားနည်းများနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာတို့ကို ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထွေးအိခိုင်က စက်ရုံအလုပ်ရုံများနှင့် လုပ်ငန်းခွင်ထိခိုက်မှုများ၊ အလုပ်ရှင်အလုပ်သမားဆိုင်ရာ သိသင့်သည်တို့ကို ဆွေးနွေးကာ အမှတ် (၆၂) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်စောထင်လင်းက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်နှင့်ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများတို့ကို ဆွေးနွေးဟောပြောကြရာ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားပြီး သိရှိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ‌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ သထုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)