မိုင်းယောင်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ပြည်သူများသည် နှာခေါင်းစည်း တပ်ဆင်သွားလာနေလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူများ လိုက်နာ ဆောင်ရွက် ရမည့် အချက်များကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ရှမ်း၊ အာခါ၊ လားဟူ စသည့် ဒေသတိုင်းရင်းသား ဘာသာစကားများဖြင့် မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် မော်တော်ယာဉ်များ အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်၍ နေ့စဉ် ဆော်ဩအသိပေးလျက်ရှိပြီး နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသူများကို နှာခေါင်းစည်း အခုဝယ် အခုတပ်စနစ်ဖြင့် နှာခေါင်းစည်းတပ်ဆင်ရေး အသိပေးမှုနှင့် စစ်ဆေးမှုများ ဆက်တိုက်ဆောင်ရွက်နေရာ ယခုအခါ ပြည်သူများအနေဖြင့် နှာခေါင်းစည်း တပ်ဆင် သွားလာ နေကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များကို သတိ ရှိရှိနှင့် တာဝန်သိစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က ပြောသည်။
ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှင့် လူမှုကွန်ရက် facebook စာမျက်နှာများမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော အသိပေး ကြေညာ ချက်များ၊ လမ်းညွှန်ချက်များ လေ့လာဖတ်ရှု၍ သေချာစွာ လိုက်နာကျင့်သုံးပြီး ယခု ကာလအတွင်း ပြည်သူများအနေဖြင့် ရောဂါပိုး မကူးစက်စေရန်အတွက် မလိုအပ်ပါ က အပြင် မထွက်ဘဲ မိမိတို့၏ နေအိမ်များ၌သာ နေထိုင်လျက်ရှိသည်။
စိုင်းအောင်ဇော်လင်း