တာချီလိတ်မြို့ စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ စားသောက်ဆိုင်များအား Take-away(ပါဆယ်) စနစ်ဖြင့်ရောင်းချသွားနိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

 

တာချီလိတ် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းဖွင့်လှစ်ထားသော စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် များ အား Take-away(ပါဆယ်)စနစ်ဖြင့်ရောင်းချရန် အသိပေးခြင်း၊ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန် စည်းကမ်းချက်များ ရှင်းလင်း ပြခြင်းတို့ကို စည်ပင်သာယာရေးဝန်ထမ်းများက နေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီမှ ထုတ်ပြန်ချက်များနှင့်အညီ ဆိုင်ထိုင်စားသောက် ခြင်းများကို ခွင့်မပြုဘဲ Takeaway(ပါဆယ်) စနစ်ဖြင့်သာ ရောင်းချရန်၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များ စည်ပင်သာယာ‌ရေးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။

နေ့ခင်းအချိန်များတွင် စည်ပင်နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များသို့ သွားရောက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ညအချိန်များတွင် ရှမ်းရိုးမကွင်းအနီး ည ဈေးတန်းများနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်ရှိ ညဈေးဆိုင်များသို့ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)