ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

 

ညောင်တုန်း ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ မိမိတို့ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်း အပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာပြီး အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ချင့်ချိန်၍ ဆုံးဖြတ်ချက်ချမှတ်နိုင်စေရန်နှင့် လူငယ်များဗလငါးတန် ပြည့်စုံ၍ အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုလူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိဒေါ်တင်တင်လှိုင်ကဦးဆောင်၍ ကျောင်းသား/ကျောင်းသူများနှင့်အတူ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စုစုခင်နှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူးတို့က လူငယ်များဆွေးနွေးသည့် ခေါင်းစဉ်အလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထက်ဝေဖြိုး (ပြန်ဆက်)