သိန္နီ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် အမျိုးသမီးများ တစ်နိုင်တစ်ပိုင် စီးပွားရေး အထောက်အပံ့ဖြစ်စေရေးနှင့် စိတ်ပိုင်းဆိုင်ရာ အပန်းပြေစေရေးတို့အတွက်ရည်ရွယ်၍ Lin Latt Women Organizational အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းအချိန်က ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် Lin Latt Women Organizational အဖွဲ့ဥက္ကဋ္ဌ ဒေါ်ထန်းရာနှင့် အဖွဲ့ဝင်များက ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း အဆင့်ဆင့်အား လက်တွေ့ပြသ၍ သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ (၁၅)ဦး၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မှ ကျောင်းသူ (၁၀) ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၅)ဦး စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားခဲ့ကြသည်။ သင်တန်းအပြီးတွင် သင်တန်းသူများအား ရေချိုးဆပ်ပြာရည်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ကာ ပြည်သူအကျိုးပြု အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)