မိုးညှင်း ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။
အခမ်အနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အမှာစကားပြောကြားရာတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ကျောင်းအုပ်ဆရာဆရာမကြီးများ သိရှိစေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာပေးခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများပိုမိုရရှိအောင် ပညာရေးဝန်ကြီးဌာနကပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်းနှင့် အသိပညာများကို ကျောင်းအုပ်ကြီးများမှ ဆရာ/ဆရာမများကို လက်ဆင့်ကမ်း ဖြန့်ဝေပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေများ၊ အသက်အရွယ်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ သင်တန်းကျောင်းပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းများ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များစသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာ ဆရာမကြီးများက သိရှိလိုသည်များကို အသီးသီးဆွေးနွေးကြရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲသို့ အ.မ.က၊ အ.လ.ကနှင့် အ.ထ.ကတို့မှ ကျောင်းအုပ်ဆရာဆရာမကြီးများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း