ကျိုက်ထိုမြို့နယ် အခြေခံပညာမူလတန်း (သိမ်ငူ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများဆောင်ရွက်

ကျိုက်ထို ဖေဖော်ဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ  အခြေခံပညာ မူလတန်း(သိမ်ငူ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက ကျောင်းသား၊ ကျောင်းသူများ  ကျောင်းစာ အပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတ ရရှိစေရန်စာအုပ်များ ဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အကြောင်းအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး၎င်းတို့ စိတ်ကြိုက်ရွေးချယ် ဖတ်ရှုထားသည့် စာအုပ်များမှ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများကို ကျင်းပပေးပြီး ပြိုင်ပွဲဝင်  ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍  လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာလိုက်နာရမည့် စည်းမျဉ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်