မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနား ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်ကျင်ရပ်ကွက်တွင် ယမန်နေ့ ညနေ ၄ နာရီခန့်က လျှပ်စစ်မီး ပလပ်ခုံအပူလွန်ကဲမှုကြောင့် လူနေအိမ် (၁) လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းညွန့် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂)စီးဖြင့် သွားရောက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့်  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ အုပ်ညှပ် (၁) ထပ် လူနေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)