မြင်းခြံ၊ စက်တင်ဘာ ၂၈
မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ဦးတင့်လွင်၊ ဒေါ်ခင်မေအုန်း(အောင်ကမ္ဘာမိသားစု)က ဆန်များ ထောက်ပံ့လှူဒါန်းခြင်း ကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြင်းခြံမြို့ ရွှေဘုံသာပရိယတ္တိစာသင်တိုက်အတွင်းတွင် စတင်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ ဦးတင့်လွင်၊ ဒေါ်ခင်မေအုန်း(အောင်ကမ္ဘာ မိသားစု)က ဆန်များ မထောက်ပံ့မီ ကြိုတင်ကွင်းဆင်းစစ်ဆေးကာ အမှန်တကယ် စားဝတ်နေရေး အခက်အခဲဖြစ်နေသော မိသားစုများအား ဆန်ထုတ်ယူနိုင်ခွင့် လက်မှတ်များ လိုက်လံပေးအပ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် မြင်းခြံမြို့ အမှတ်(၂) ရပ်ကွက် အတွင်းရှိ အခြေခံ လူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စု (၂၁၆) အိမ်ထောင်စုအတွက် တစ်အိမ်ထောင်စုလျှင် ဆန် (၃) ပြည်စီ လှူဒါန်းပေးခဲ့ပြီး မြင်းခြံမြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြောင်း သိရသည်။
ဆန်များ ထောက်ပံ့ပေးအပ်ရာနေရာသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူစုလူဝေးမဖြစ်ပွားစေရန် လူတစ်ဦးနှင့်တစ်ဦး ပူးကပ်မှုမရှိစေရန်အတွက် စနစ်တကျ နေရာသတ်မှတ်ပေးထားခြင်း၊ နှားခေါင်းစည်းတပ်စေခြင်းများ ပြုလုပ်ပေးခဲ့သည်။
ကျော်စွာ(မြင်းခြံ)