မြို့သစ်မြို့ဇီးသီးစျေးကွက်သို့ဇီးသီးများပုံမှန်ဝင်ရောက်လျက်ရှိ

မြို့သစ် ဖေဖော်ဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ ဇီးသီးစျေးကွက်တွင် ဇီးသီးများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဇီးသီးများကို စျေးကောင်းပေးဝယ်ယူလျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ ဇီးသီးဝယ်ယူသူတစ်ဦးထံက သိရသည်။

အညာဒေသတွင် ဆီးသီးပင်များကို စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျဆီးသီးပင်များကို ယာပိုင်ရှင်လယ် ပိုင်ရှင်များက ပြုပြင်ကာ အပွင့်ပွင့် အသီးသီးရင့်မှည့်ချိန် ဆီးပင်အောက်၌ ပေါင်းမြက်ရှင်းကာ ဆီးသီးကောက်ယူရောင်းချကြကြောင်း၊ မြို့သစ်မြို့နယ်အတွင်း ကျေးလက် တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျဆီးသီးပင်များက မိသားစု တစ်ဖက် တလှမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် အလေ့ကျပဒေသာပင်များဖြစ်ကြောင်း၊ ဆီးသီးသီး ပြီးလျင် ဆီးပင်ဆူးကိုင်းများကိုခုတ်ကာ ခြံစည်းရိုးအဖြစ်ပြုလုပ်၍ကာရံရကြောင်း သိရသည်။

ဆီးပင်များ တစ်သီးသီးပြီးတိုင်း ခုတ်မှသာ ဇီးပင်များ အညှောင့်၊ အကိုင်း အထွက်သန်ကာ နောက်တကြိမ် ပြန်လည် အပွင့်ပွင့် အသီးသီးချိန် ဆီးသီးအလုံး ထွားကြောင်း ဒေသခံများက ပြောသည်။

မြို့သစ်မြို့နယ်တွင်း ဆီးသီးပင် အမြောက်အများရှိကြပြီး ဆီးသီးမှည့်ကောက်ယူရောင်းချချိန် စတင်ပေါ်ချိန် တစ်တင်း လေးထောင်ကျပ်ဖြင့် စတင်ရောင်းချခဲ့ရာမှ ဆီးသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်တင်းကိုးထောင်(၉၀၀၀)ကျပ် ဖြစ်လာခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)