မလှိုင် ဖေဖေါ်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် သီရိဓမ္မာသောကမင်းတရာကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် သမိုင်းဝင်ပန်းအိုင် ရွှေမုဋ္ဌောဆုတောင်းပြည့်စေတီတော်ကြီး၏ ထီးတော်အား ရွှေသင်္ကန်းများ အသစ်တစ်ဖန် ပြန်လည်ဆက်ကပ်လှူဒါန်းပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေးကို ယမန်နေ့ ညနေ (၄) နာရီ အချိန် က အဆိုပါစေတီတော်ကြီး၏ မြောက်ဖက် အာရုဏ်ခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ ဘုရားကြီး၏ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး စေတီတော်ကြီး၏ ဩဝါဒစရိယ ပန်းအိုင်ယွန်းကျောင်း၊ ကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တသီလဝံသ ထံမှ ဩဝါဒခံယူခဲ့ကြသည်။ ထို့နောက် သမိုင်းဝင်ပန်းအိုင်ရွှေမုဋ္ဌော ဆုတောင်းပြည့်စေတီတော်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက အဖွင့်အမှာစကား လျှောက်ထားတော်မူပြီး ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုတင်က သမိုင်းဝင် ပန်းအိုင် ရွှေမုဋ္ဌော ဆုတောင်းပြည့်စေတီတော်ကြီး၏ ညှိုးနွမ်းနေသော ထီးတော်ကြီးအား ရွှေသင်္ကန်းများ အသစ်တဖန် ပြန်လည်ဆက်ကပ်လှူဒါန်းပူဇော်နိုင် ရန်နှင့် ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစည်များနှင့် ပတ်သက်၍ တင်ပြလျှောက်ထားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ၏ တင်ပြချက်လျှောက်ထားချက်များ အပေါ် လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး အခက်အခဲများရှိပါက ကူညီ ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဩဝါဒဆရာတော်ကြီးများအား တင်ပြလျှောက်ထားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအောင်ကျော်သူ၊ အဖွဲ့ဝင်(၃)ဦးသိန်းဟန်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဖော်နှင့် ဂေါပကအဖွဲ့ဝင်များက ဖြည့်စွက် အကြံပြုဆွေးနွေး ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးဆုံးဖြတ်ချက်များအရ သမိုင်းဝင် ပန်းအိုင် ရွှေမုဋ္ဌော ဆုတောင်းပြည့်စေတီတော်ကြီး၏ ထီးတော်အား ရွှေသင်္ကန်းများ အသစ်တစ်ဖန် ပြန်လည် ဆက်ကပ်လှူဒါန်းပူဇော်သွားမည်ဖြစ်ပြီး (၇)ရက်သားသမီး အများပြည်သူ ပါဝင်လှူဒါန်းနိုင်ရေး အလှူခံမဏ္ဍပ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ(၁၃၇)တောင် ရှိပြီးစေတီတော်ကြီးမှာ ကျောက်သားစေတီတော်ကြီး ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)