မော်လမြိုင် ဖေဖော်ဝါရီ ၂
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်အ.ထ.က(၁၁)ကျောင်း(ကျောင်းခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၁၁)ကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်ခင်စန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြတ်သီတာက စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ အ.ထ.က(၁၁)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်ဖြူဖြူအေးက ဦးဆောင်ဖြည့်စွက်ဆွေးနွေးပြီး အ.ထ.က(၁၁)Grade-10 ကျောင်းသား/သူလေးများဖြစ်ကြသော မခင်ရတနာမျိုးက လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်၊ မနှင်းဟေမာန်ဦးက လူငယ်နှင့်ကျန်းမာရေး၊ မောင်သျှားထက်ကျော်က လူငယ်နှင့်အားကစား၊ မောင်စိုးမင်းခန့်က လူငယ်နှင့်ပညာရေး၊ မောင်ဆက်ဝေထွန်းက လူငယ်နှင့်ကိုယ်ကျင့်တရားစသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား/သူများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား၍ အမှတ်တရဓာတ်ပုံရိုက်ကူးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လက်ကမ်းစာစောင်များ ဝေမျှပေးခဲ့ကြောင်းသိရှိရသည်။
စည်သူ(ပြန်/ဆက်)