မိတ္ထီလာတက္ကသိုလ်၌ ကာဗလမောင်၊ ကာယအလှမယ်၊ ယဉ်ကျေးမောင်၊ လှယဉ်ကျေးမယ်ပြိုင်ပွဲများနှင့် အနုပညာဖျော်ဖြေပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၂         

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂−၂ဝ၂၃ ပညာသင်နှစ် ကာယဗလမောင်၊ ကာယအလှမယ်၊ ယဉ်ကျေးမောင်၊ လှယဉ်ကျေးမယ်ပြိုင်ပွဲများနှင့် အနုပညာဖျော်ဖြေပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများနှင့် အနုပညာဖျော်ဖြေပွဲမကျင်းပမီ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကာယဗလမောင်၊ ကာယအလှမယ်၊ ယဉ်ကျေးမောင်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ သတ္တဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာမြင့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းနှင့် ပြိုင်ပွဲများအလိုက် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကာယဗလမောင်၊ ကာယအလှမယ်၊ ယဉ်ကျေးမောင်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ ဒဿနိကဗေဒ စသည့်ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူ၊ ကျောင်းသားများက ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲများနှင့်အတူ အနုပညာဖျော်ဖြေပွဲကိုကျင်းပရာ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူ၊ ကျောင်းသားများက တေးသီချင်းသရုပ်ဖော်အကများ၊ တေးသီချင်းများ၊ မြန်မာ့ရိုးရာနှစ်ပါးသွားအက စသည်အနုပညာကဏ္ဍစုံစွာဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ အဆိုပါပြိုင်ပွဲများနှင့် အနုပညာဖျော်ဖြေပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ