မချမ်းဘော့၌ လူငယ်စကားဝိုင်းကျင်းပ

မချမ်းဘော့ ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ပြည့်ဝ၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ကို ဘမဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်တွေ အတွက် ဘက်စုံတိုးတက်ဖို့ဆောင်ရွက်တာဖြစ်လို့ ပူးပေါင်း ပါဝင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်လည်း စကားဝိုင်းရဲ့အနှစ်သာရ ပေါ်လွင် အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က စကားဝိုင်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဂျီယောနသန်က စကားဝိုင်း ကျင်းပပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးခြင်း အစီအစဉ်ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ဆောင်ရွက်ပြီး အခြေခံပညာအလယ်တန်းကျောင်း မြို့မမှ Grade9 ကျောင်းသား မောင်ခင်လွန်းက လူငယ်နှင့် စာဖတ်ခြင်း၊ အခြေခံပညာအထက်တန်းကျောင်း Grade10A မှ မောင်ဒီးတန်က လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade10B မှ မဂျာဇင်ပန်က လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade9 မှ မမေသဇင်လှိုင်က လူငယ်နှင့်ကျန်းမာ​ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade9 မှ မမေလာဆန်းက လူငယ်နှင့် စည်းကမ်းခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးကြသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဦးဆောင်ဆွေးနွေးသူ ဦးစီးအရာရှိ ဒေါ်နီနီလွင်တို့က ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြ သည်။

ထို့နောက် မချမ်းဘော့မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီရဲမှူး မြင့်နိုင်ဦးက ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)