ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးနှင့်ညီညွှတ်ပြီး သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များရောင်းချနိုင်ရန်နှင့် အိုင်အိုဒင်းဆားဓါတ်ပါ၀င်သော ဆားများရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်၁၁နာရီချိန်က မြို့ပေါ်(၃)ရပ်ကွက်ရှိ စျေးဆိုင်များ၌ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ပြည်သူများအား သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ ရောင်းချပေးနိုင်ရန်အတွက် စျေးသည်ဆိုင်ရှင်များအား ကျန်းမာရေးအသိပညာပေးခြင်း၊ စျေးဆိုင်များ၌ရောင်းချလျက်ရှိသော အိုင်အိုဒင်းဆားဓါတ် ပါ၀င်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပူးပေါင်းအဖွဲ့များက ဆွမ်ပရာဘွမ်မြို့ ကဘရန်ခူးရပ်ကွက်တွင် နေထိုင်သူအသက်၉၀နှစ်ကျော် အဘွားအိုတစ်ဦးအား ခေါင်းလျှော်၊ ရေချိုးပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာသန်းဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး (ဆွမ်ပရာဘွမ်)