မိုးညှင်းမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေး Auto CAD သင်တန်းဖွင့်လှစ်

မိုးညှင်း ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲက အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်မှုရှိပြီး အဆင်ပြေချောမွေ့စေရန်နှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)မှ မြို့ပြဌာနမှူး တွဲဖက်ပါမောက္ခ ဒေါ်ဥမ္မာသန်းက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် သင်တန်းအား ဆက်လက်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဌာန၏ခွင့်ပြုရန်ပုံငွေကျပ် (၁) ဒသမ (၄)သန်းဖြင့်  ဖေဖော်ဝါရီ (၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၁၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ထိုသင်တန်းတွင် မိုးညှင်းခရိုင် ကွပ်ကဲမှုအောက်ရှိ မြို့နယ်သုံးမြို့နယ်မှ ဝန်ထမ်း(၁၅)ဦး တက်ရောက်ကြကြောင်း ခရိုင်ကျေး/လက်ဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း