မိတ္ထီလာ စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေ ရန် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ(၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေသား ရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် လမ်းဘေးဝယ်ယာ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေးအကြပ်အတည်းကို လျော့နည်းသက်သာစေရန် အထောက်အကူပြုစေပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် Cash For Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် မြို့နယ် အတွင်းရှိကျေးရွာ(၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့သို့ Cash For Work စီးမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ကုန်း၊ ကုန်းတန်း၊ ဂွေးကုန်း၊ တပ်ပိုး၊ ပျော်ဘွယ်၊ ညောင်အိုင်၊ ကံခြားတောင်၊ ကျောက်အိုး၊ ညောင်ပင်ကုန်း၊ သပြေကုန်း၊ ချောင်းနား၊ အိုင်းကြီးလည်၊ ဆူးဖြူကွက်၊ ကျေးသာအိုင်၊ ကန်သာ၊ တောက်ကောက်ကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းကို ဂျင်းခင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရေငံအရှေ့၊ သီးပင်ခင်ကျေးရွာတို့တွင် မြေသားကန်ပြန်လည်ပြုပြင်ခြင်း၊ ရေဝပ်မြောင်း တူးဖော် ခြင်း၊ ကျေးရွာတွင် လမ်းခင်းခြင်း လုပ်ငန်းများနှင့် ဂွေးချိုကျေးရွာတွင် ကျေးရွာတွင်း ရေပိုက် သွယ်တန်း ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် အင်းကျေးရွာတွင် ကျေးရွာပိုင် အသေးစားဆည် ရေပိုလွှဲပြုပြင်ခြင်း လုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများ ဆောင်ရွက် လျက်ရှိရာ အဆိုပါ Cash For Work စီးမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
ထိုသို့ Cash For Work စီမံကိန်း ဆောင်ရွက်ခြင်းကြောင်း သောက်သုံးရေအဆင်ပြေခြင်း၊ ကျေးရွာတွင်း လမ်းများ ကောင်းမွန်လာခြင်းနှင့် ရေစီးရေလာကောင်းမွန်သည့်အပြင် ကျေးလက်နေပြည်သူများလည်း အလုပ်အကိုင်များ ရရှိစေပြီး ဝင်ငွေလည်း ရရှိခဲ့ကြောင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)