Stay at Home ကာလအတွင်း ဒလမြို့နယ်ရှိ သင်္ဘောဆိပ်ကမ်းနှင့် ကားဂိတ်များ၌ လူသွားလူလာနည်းပါး

ရန်ကုန် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ Stay at Home ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြသည့် ပြည်သူများ ရှိသလို၊ မဖြစ်မနေ သွားလာနေကြရသည့် ပြည်သူများ လည်းရှိရာ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က နေ့စဉ်လူစည်ကားရာနေရာဖြစ်သော သင်္ဘောဆိပ်ကမ်း၊ စက်တပ် သမ္ဗန်ကူးတို့ဆိပ်၊ ဒလမြို့နယ် အဝေးပြေးကားဝင်းနှင့် ကားလေးဂိတ်တို့တွင် လူသွားလူလာ နည်းပါးလျက်ရှိကြောင်း မြင်တွေ့ရသည်။

ဒလမြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၉၈ ဦး၊ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိပြီ၊  ကျန်းမာရေး ပြန်လည်ကောင်းမွန်မှုကြောင့် နေရပ်ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း ၈ ဦးအထိရှိကြောင်း လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီမှ သိရသည်။

ထို့အတူ ဒလမြို့နယ်အတွင်း  စောင့်ကြည့်ရေးစခန်း ၁၂ ခုတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ စုစုပေါင်း ၅၄၆ ဦးထိ ရှိလာခဲ့ရာ စောင့်ကြည့်ရေးစခန်း စုစုပေါင်း  ၂၀ ခုအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး လူဦးရေ စုစုပေါင်း ၁၀၆၀ ဦး အထိ ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)