ပုဗ္ဗသီရိမြို့နယ်၌ CERP အရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ပုဗ္ဗသီရိ  စက်တင်ဘာ ၂၇

ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၂)ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးရွာလေးရွာ ရွေးချယ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ  ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင် ပုဗ္ဗသီရိမြို့နယ်မှ အိမ်ခြေ(၁၀၀)အထက်ကျေးရွာနှစ်ရွာ၊ အိမ်ခြေ(၅၁)မှ(၁၀၀)အတွင်းရှိ ကျေးရွာတစ်ရွာနှင့် အိမ်ခြေ(၅၀)အောက်ကျေးရွာတစ်ရွာ စုစုပေါင်း ကျေးရွာလေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၂၄၆)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃၅)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၅၁)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၆)ဦး၊ စုစုပေါင်း(၄၃၈)ဦးအား ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၉၀၀ ကို ဩဂုတ်လ ဒုတိယပတ်တွင် ထုတ်ချေး ပေးနိုင်ခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၂)တွင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၂၀၀ ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတစ်ခု၊ ရိစာလမ်းခင်းခြင်းလုပ်ငန်း(၉)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ တံတားငယ်တစ်ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခု၊ ကုန်ထုတ်လမ်းမြေချဲ့ခြင်းလုပ်ငန်းတစ်ခု၊ တာရိုးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှစ်ခု၊ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းလေးခု၊ မြေဖို့ မြေတူးခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း(၂၄)ခုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာ များပံ့ပိုးပေးပြီး ယင်းကျေးရွာများမှဒေသခံပြည်သူများအား ဝင်ရောက်လုပ်ကိုင်စေ၍  ကိုဗစ်-၁၉ ကာလတွင် ဝင်ငွေရရှိစေရန် လုပ်အားခပေးချေသည့်စနစ်ဖြင့် ဇူလိုင်လပထမပတ်မှစတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကံချွန်(ပြန်/ဆက်)