ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်စိုက်တောင်သူများထံမှ သိရှိရသည်။
ကွမ်းရွက်ရောင်းဈေးနှင့်ပတ်သတ်၍ ယခင်လများတွင် ကွမ်းရွက်တစ်ပိဿာ (၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိ ကွမ်းပွဲစားများကဈေးဖြတ်ဝယ်ယူကြပြီး ယခုအခါ ကွမ်း(၁)ပိဿာ ငွေကျပ်(၁၀၀၀၀)ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းခြံစတင်စိုက်ပျိုးပါက သွင်းအားစုများကြောင်းနှင့် နေ့စဉ်အချိန်ပြည့် ဂရုထားကြည့်ရှုရပြီး ဂရုစိုက်မှုနည်းသည်နှင့်အမျှ ကွမ်းရွက်အထွက်နှုန်းကျဆင်းကာ ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်ကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်ကြည်က ပြောပြ၍ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သက်မောင်