တိုက်ကြီးမြို့နယ်တွင် ငှက်ဖျားရောဂါကာကွယ်​ရေး အသိပညာပေး Talk Show ကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရည်ရွယ်၍ ငှက်ဖျားရောဂါ ကာကွယ်ရေးအသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးသည်။ ထို့နောက် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များ မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ မြို့မကျန်းမာရေးမှူး ဦးမြင့်ထွေးက ငှက်ဖျားရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါလက္ခဏာများ၊ ရောဂါရှာဖွေရေးလုပ်ငန်းတွင် ငှက်ဖျားစစ်ဆေးရေးကိရိယာဖြင့် အခမဲ့စစ်ဆေးပေးခြင်း၊ ငှက်ဖျားရောဂါအတွက် ဆေးဝါးများဖြင့် အခမဲ့ကုသပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ငှက်ဖျားပိုး (၂) မျိုးဖြစ်သော ဦးနှောက်တွင် ဖြစ်ပွားတတ်သော ငှက်ဖျားပိုးနှင့် အသည်းတွင်ဖြစ်ပွားတတ်သော ငှက်ဖျားပိုးများအကြောင်းကို အကျယ်တဝံ့ အသိပညာပေး ဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show များကို ကျင်းပဆောင်ရွက်လျက်ရှိပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုလေ့လာနိုင်ရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)