ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းအနီးရှိ ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီးဘုရားတွင် ယနေ့နံနက်(၅) နာရီမှ စတင်ပြီး ဆွမ်း၊ရေချမ်းကပ်လှူပူဇော်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးသည် (၃၉၅)ခုနှစ်တွင် ရှင်အရဟံကိုယ်တိုင်သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်း၊ ရှေးယခင်က ကျေးရွာ ပြည်သူများ နှင့်အနီးပတ်ဝန်းကျင်ဒေသများတွင် အငြင်းပွားမှုများပေါ်ပေါက်လာပါက ဆုံဖြတ်နိုင်ရန်အတွက် မဟာရွှေသိမ်တော်ဘုရာကြီး ရှေ့မှောက်တွင် အုန်း၊ငှက်ပျောကန်တော့ပွဲနှင့် သစ္စာပြုဖြေရှင်းခြင်းများ ပြုလုပ်ခဲ့ရာတွင် မှန်ကန်မှုများရှိခဲ့သောကြောင့် ဘုရားဖူးများတစ်နေ့တစ်ခြား စည်ကားလာကြောင်း မဟာရွှေသိမ်တော် ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြ၍ သိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက်(၁)မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ နေ့စဉ်ဘုရားဖူပြည်သူများနှင့် အမြဲစည်ကားလျက်ရှိကြောင်း၊ စနေ၊တနင်္ဂနွေရုံးပိတ်ရက်များနှင့်အခါကြီး၊ရက်ကြီးများတွင် ဘုရားဖူးပြည်သူများ ပို၍စည်ကားကြောင်းသိရှိရကာ ဘုရားကြီးသို့လာရောက်သည့်ပြည်သူများ၏ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ယာဉ်ရပ်နားကွင်းများ သီးသန့်ဆောင်ရွက်ပေးထား ပြီး၊ ပြည်သူများလိုအပ်သည့် အကူအညီများရှိပါက ဖြည့်ဆည်းပေးနိုင်ရေး ဘုရားလုံခြုံရေးဝန်ထမ်းများ နှင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်ပေးထားကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ ပြန်/ဆက်)