ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲများကျင်းပ

ဒဂုံအရှေ့ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲကို အဆိုပါ တက္ကသိုလ်ရှိ ကောင်းညွန့်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပသည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သာထွန်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အတူ ကျောင်းသား၊ ကျောင်းသူများအား Communication Skill နှင့် Presentation Skill များ တိုးတက်မြင့်မားစေရန်၊ မြန်မာဘာသာစကား စွမ်းရည်တိုးတက်မြင့်မာစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားစေရန်ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာနွယ်နွယ်အေးက ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲများအတွက် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ရုပ်လှဖို့ထက် စိတ်လှဖို့ကအရေးကြီး၊ ကျန်းမာခြင်းသည် ချမ်းသာခြင်းထက်ပိုအရေးကြီး၊ သည်းခံခြင်းသည် အောင်မြင်ခြင်း၊ ကျေးဇူးသိတတ်ခြင်းသည် လူယဉ်ကျေးမှုတစ်ခုဖြစ်သည်၊ ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုအရေးကြီးနှင့် သင်ဒဂုံတက္ကသိုလ်စာကြည့်တိုက် သို့သွားခဲ့လျှင် အစရှိသည့်ခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သူ(၁၃)ဦး၊ facebook သုံးတာကောင်းတယ် (အဆို)၊ မကောင်းဘူး(အချေ)၊ အများအကျိုးဆောင် ကိုယ်ကျိုးအောင်တယ်(အဆို)နှင့် ကိုယ်ကျိုးပျက်တယ် (အချေ)၊‌ အပေါင်းအသင်းမိတ်ဆွေများ တာကောင်းတယ်(အဆို)/ မကောင်းဘူး(အချေ) အစရှိသည့် ခေါင်းစဉ်များဖြင့် စကားရည်လုပြိုင်ပွဲဝင် (၁၉)ဦး စုစုပေါင်း(၃၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ (ဌာနမှူး)ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)