ဗန်းမော် ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေထွက်ရှိ လာပြီဖြစ်တဲ့အတွက် ဌာနဆိုင်ရာများအားလုံး သိရှိစေရန် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာ ပေး ဟောပြောပွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သည်များကို ဗန်းမော်ခရိုင်အတွင်းရှိ ရင်ခွင်မဲ့ကလေး သူငယ်များ အတွက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများမှလည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ဖတ်မှတ်လေ့လာ၍ ပြည်သူများထံ ကျယ်ကျယ်ပြန့် လက်ဆင့်ကမ်း အသိပညာပေး ဆောင်ရွက်ပေးကြရန် အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေး ပေးခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေစာအုပ်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)