မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃) ကြိမ်‌မြောက်ကြက်ခြေနီဗဟိုကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပါဝင်‌ဆွေးနွေး

မြစ်ကြီးနား၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃) ကြိမ်မြောက်ဗဟိုကောင်မတီ အစည်းအဝေးကို Virtual Meeting ဖြင့် စက်တင်ဘာ (၂၅) ရက်နေ့တွင် ကျင်းပရာ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တက်ရောက် ဆွေးနွေးကြသည်။

အဆိုပါ Virtual Meeting အစည်းအဝေးကျင်းပမှုနှင့် ပတ်သက်ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက လွန်ခဲ့‌သောပုံမှန်နှစ်များတွင် နေပြည်တော်၌သာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် Virtual Meeting ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အစည်းအဝေး၌ ကချင်ပြည်နယ် ကြက်‌ခြေနီကြီးကြပ်မှု‌ကော်မတီအ‌နေဖြင့် ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ တပ်ဖွဲ့ဝင်များ ပါဝင်ဆောင် ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွင် လိုအပ်လျက်ရှိသော ထောက်ပံ့ ပစ္စည်းများရရှိရေးနှင့် ပြည်နယ်တပ်ဖွဲ့မှူး ဦးချစ်ဖေမှလည်း တပ်ဖွဲ့၏ လိုအပ်ချက်များနှင့်ပတ်သက်၍ လူနာတင် ယာဉ်နှင့် အခြားလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လက်တလောဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော တိုင်းဒေကြီး ပြည်နယ် များမှ ကြက်ခြေနီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို၏ တင်ပြချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်နယ်တပ်ဖွဲ့ မှူးများတက်ရောက်ခဲ့ပြီး စက်တင်ဘာ (၂၅) ရက်နှင့် (၂၆) ရက် (၂)ကြာ ကျင်းပသွားမည် ဖြစ်သည်။

စိန်ဝင်း(ပြန်/ဆက်)