မော်လမြိုင် ဇန်နဝါရီ ၃၁
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင် အ.ထ.က(၃)ကျောင်း(ကျောင်း ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၃)ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်လှလှမော်မှ အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ဦးဆောင်ဖြည့်စွက်ဆွေးနွေးပြီး အ.ထ.က(၃) Grade-10 ကျောင်းသူလေးများ ဖြစ်ကြသော မလဲ့ဖြူစင်ထွန်းက လူငယ်နှင့်အချိန်၏တန်ဖိုး၊ မနေခြည်ထွန်းက လူငယ်နှင့်စာရိတ္တ၊ မသက်ဖူးစံက လူငယ်နှင့်ပညာရေး၊ မတင်မမနိုင်က လူငယ်နှင့်ရည်မှန်းချက်၊ မဂန္တဝင်စံက လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)