ပူတာအို ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်အတွင်း မျိုးဆက်သစ်ဘောလုံးကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်လာစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးလာစေရန်နှင့် ပူတာအိုဒေသရှိ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားတတ် လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ပြိုင်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ်များမှ ပြိုင်ပွဲဝင် အသင်းပေါင်း ခြောက်သင်းတို့က ဖေဖော်ဝါရီလ(၁)ရက်နေ့မှ(၁၂)ရက်နေ့အထိ နေ့စဉ် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် ပထမဆု(၁၀)သိန်း၊ ဒုတိယဆု ခုနှစ်သိန်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုခရိုင်တွင် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)