မိုးညှင်း ဇန်နဝါရီ ၃၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက အောင်သပြေရပ်ကွက်(၃)ရှိ လွဒ်အောင်(စစ်ဘေးရှောင်)စခန်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းသင်တန်းတွင် သင်တန်းသားသင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီလ (၃၁)ရက်မှစတင်၍ ဖေဖော်ဝါရီလ (၄)ရက်ထိ လေးရက်တာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် မြေပဲယို၊ နှမ်းယို၊ သင်္ဘောသီးယို၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းဖျော်ရည်၊ ပဲနို့၊ ကြက်ဥမြေပဲပွကြော်၊ အာလူးကြော်၊ သာကူပြင်နှင့် ခရမ်းချဉ်သီးယိုစသည့် စားသောက်ကုန် (၁၀)မျိုးကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိကြပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
ရွှေမိုးညှင်း