ဆွမ်ပရာဘွမ် ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ကြီးရွယ်အိုများအား အာဟာရဖြည့် အစားအစာ ကြက်သားဆန်ပြုတ် တိုက်ကျွေးခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လယ် ၁၁နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ပြီး ကျန်းမာသန်စွမ်း စေရန်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတန်းတင်စာမေးပွဲကြီးတွင် အောင်မြင်စွာ ဖြေဆိုနိုင်ရန် ရည်ရွယ်လျက် မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များကိုလည်းကောင်း၊ အမက(ကဘရန်ခူး)ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ကက်သလစ်အသင်းတော်(ဘော်ဒါ) ဆောင်နေ ကျောင်းသား၊ ကျောင်းသူများနှင့် ကက်သလစ်အသင်းတော် မူကြိုကလေးငယ်များကိုလည်းကောင်း အာဟာရပြည့်အစားအစာ ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြသည်။ ဆက်လက်၍ မြို့ပေါ်(၃)ရပ်ကွက်ရှိ သက်ကြီး ရွယ်အိုများအား အိမ်တိုင်ရာရောက် အာဟာရပြည့် အစားအစာကြက်သားဆန်ပြုတ်များဖြင့် တိုက်ကျွေးကုသိုလ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဖြည့်ကြက်သားဆန်ပြုတ် တိုက်ကျွေးခြင်းကို ဆွမ်ပရာဘွမ်မြို့နယ် မြေခံ တပ်ရင်းမှူးက လှူဒါန်းရာ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)