သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

သံဖြူဇရပ်      စက်တင်ဘာ   ၂၆

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြောင့် အလုပ်အကိုင်နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက အခြေခံအိမ် ထောင်စု တစ်စုခြင်းစီအား စနစ်တကျ စိစစ်ပေးအပ်သွားနိုင်ရေးနှင့် ကိုဗစ်- ၁၉ အစီအမံနှင့် အညီ ဆောင်ရွက်နိုင်ရေး ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်တို့မှ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု ပေါင်း(၈၇၆၂)အတွက် ထောက်ပံ့ငွေစုစုပေါင်းကျပ် (၁၇၅၂၄၀၀၀၀) ကိုရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ယခင်အခြေခံစားသောက်ကုန်(၅)မျိုးနှင့် ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ် နှစ်သောင်းစီ အပါအဝင် ထောက်ပံ့ပေးအပ်မှုမှာ(၅)ကြိမ်ရှိပြီးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)