ဟိုပုံး ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာရှိ ချယ်ရီပန်းများ ဇန်နဝါရီလ တတိယပတ်အတွင်း လှိုင်လှိုင်ပွင့်လျက်ရှိရာ ဒေသခံများ၊ ခရီးသွားပြည်သူများက အမှတ်တရဓာတ်ပုံရိုက်ကူးနေကြကြောင်း သိရသည်။
ဟိုပုံးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၅၄၁ ပေတွင်တည်ရှိပြီး ယခုလိုဆောင်းတွင်းကာလများတွင် ရာသီဥတုသည် သိသိသာသာအေးချမ်းသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ တောင်ပေါ်မြို့ဖြစ်သည်နှင့်အညီ ချယ်ရီပန်းများသည်လည်း ဖူးပွင့်ဝေဆာလျက်ရှိကြသည်။ ချယ်ရီပန်းများပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကိုအခြေခံကာ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျောင်းတန်းချယ်ရီမြေအဖြစ် ထင်ရှားကျော်ကြားလာမည်ဖြစ်သည်။ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ မြို့ရွာဒေသများသန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းခြင်း၊ ရိုးရာယဉ်ကျေးမှုများများမပျောက်ပျက်အောင် ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် အောင်မြင်ကျော်ကြားလာမည်ဖြစ်သည်။ ကျောက်တန်းကျေးရွာသည် ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းရှိ ထမ်းဆမ်းကျေးရွာမှ (၇)မိုင်အကွာတွင်တည်ရှိပြီး ကျောက်တန်းကျေးရွာဘုန်းတော်ကြီးကျောင်းရှေ့တွင် ချယ်ရီပန်းတန်းများလှပဝေဆာ ပွင့်ဖူးလျက်ရှိရာ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအားဆွဲဆောင်မှုရှိကာ မှတ်ဓာတ်ပုံများရိုက်ကူးနေကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)