ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးအခွင့်အရေးနှင့် လူမှုဝန်းကျင် အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အမျိုးသမီးအခွင့်အရေးနှင့် လူမှုဝန်းကျင် အသိပညာပေး Talk Show ကို နံနက် ၁၁:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)နှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မြန်မာအမျိုးသမီးတို့၏အခန်းကဏ္ဍသည် ယနေ့ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ မည်မျှလောက် လွှမ်းမိုးဩဇာ ကြီးမားနေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးတို့၏ လူမှုအဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သည့် စွမ်းအားမှာပိုမိုမြင့်မားလာကြောင်း၊ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းကာ ဆောင်ရွက်နိုင်သည့် စွမ်းပကားများ မြင့်မားလာမှုကြောင့် တန်းတူအခွင့်အရေးပေးမှုကို များစွာခံစားရသည့်အတွက် အမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူဝင့်ကြွားလေးစားခဲ့ရကြောင်း၊ အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)က မြန်မာအမျိုးသမီးတို့၏ဘဝများကို ခြိမ်းခြောက်ခံရပါက ယဉ်ကျေးမှု စံနှုန်းများကလည်း လျော့နည်းနိမ့်ကျလာနိုင်ကြောင်း၊ မြန်မာအမျိုးသမီးများကို မိခင်နှင့်တန်းတူသဘောထားလေ့ရှိသော ထုံးတမ်းစဉ်လာတစ်ခုအဖြစ် လက်ခံခဲ့ကြသော မြန်မာလူမျိုးများသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများကို ရှောင်ရှားသင့်ကြောင်းနှင့် မြန်မာအမျိုးသမီးတို့၏အခွင့်အရေးကို နိုင်ငံ၏အနာဂတ်နှင့်ယှဉ်လျက် တန်ဖိုးထား စောင့်ရှောက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ မြန်မာအမျိုးသမီး အခွင့်အရေးနှင့်လူမှုဝန်းကျင် အသိပညာပေး Talk Show ကို မြန်မာအမျိုးသမီးထုတစ်ရပ်လုံးအတွက် ဂုဏ်ယူဖွယ် ကျင်းပပေးရခြင်းဖြစ်ကြောင်း သတင်းရ ရှိသည်။

အိရွှေစင်(ပြန်/ဆက်)